International News

ဩစတြေးလျနှင့် အိန္ဒိယ နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်သွယ်မှု သဘောတူ စာချုပ် လက်မှတ်ရေးထိုးလိုက်ခြင်း

Last Updated:

ဩစတြေးလျနှင့် အိန္ဒိယနိုင်ငံတို့သည် သမိုင်းဝင် နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်သွယ်မှုသဘောတူစာချုပ် (The Australia-India Economic Co-operation and Trade Agreement) ကို ၂-၄-၂၀၂၂ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ ၂-၄-၂၀၂၂ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

သတင်းထုတ်ပြန်ချက်တွင် အဆိုပါသဘောတူစာချုပ်သည် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာစေကာ အိန္ဒိယနိုင်ငံသို့ တင်ပို့သည့် ဩစတြေးလျပို့ကုန်များကို ဈေးသက်သာစေပြီး၊ စီးပွားရေးလုပ်ငန်းများနှင့် အလုပ်သမားများအတွက် ကြီးမားပြီး၊ များပြားသော အခွင့်အလမ်းအသစ်များကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သဘောတူစာချုပ်အရ အိန္ဒိယနိုင်ငံသို့ တင်ပို့လျက်ရှိသည့် ဩစတြေးလျပို့ကုန် ၈၅%  (တစ်နှစ်လျှင် ဩစတြေးလျဒေါ်လာ ၁၂.၆ ဘီလီယံတန်ဖိုး) ကျော်၏ အကောက်ခွန်နှုန်းများကို ပယ်ဖျက်ပေးမည်ဖြစ်ပြီး၊ (၁၀) နှစ်အတွင်း ပို့ကုန် ၉၁% ကျော် (ဩစတြေးလျ ဒေါ်လာ ၁၃.၄ ဘီလီယံတန်ဖိုး) ၏ အကောက်ခွန်နှုန်းများကို ပယ်ဖျက်ပေးမည်ဖြစ်ပြီး၊ ဩစတြေးလျအိမ်ထောင်စုများနှင့် စီးပွား ရေးလုပ်ငန်းများမှာ သဘောတူစာချုပ် စတင်သက်ဝင်သည်နှင့် အိန္ဒိယနိုင်ငံမှ တင်သွင်းလာမည့် ကုန်စည်စုစုပေါင်း၏ ၉၆% အတွက် အကောက်ခွန်ကင်းလွတ်ခွင့်များ ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။

သဘောတူစာချုပ် စတင်သက်ဝင်သည်နှင့် သိုးသား၊ သိုးမွှေး၊ ဓာတ်သတ္တုများ၊ သဘာဝဓာတ်ငွေ့ရည် စသည့်ကုန်စည်တို့အတွက် အကောက်ခွန်နှုန်းများ ပယ်ဖျက်ပေးမည်ဖြစ်ရာ အိန္ဒိယနိုင်ငံ၌ ဈေးကွက်ရရှိပြီးသားဖြစ်သည့် အဆိုပါ ဩစတြေးလျပို့ကုန်များ အတွက် ဈေးကွက်ဝင်အခွင့်အလမ်းကို ပိုမိုမြှင့်တင်ပေးနိုင်ကြောင်းနှင့် ဩစတြေးလျဝိုင် တင်ပို့မှုများအတွက် အကောက်ခွန်နှုန်း ထားများကို သတ်မှတ်နှစ်များအတွင်း လျှော့ချပေးမည်ဖြစ်ကြောင်း သိရှိရသည်။ ထို့အပြင် အကောက်ခွန်နှုန်း ၃၀% သည့် သစ်သီး ဝလံပန်းမာန်များအတွက် (၇) နှစ်တာကာလအတွင်း ပယ်ဖျက်ပေးသွားမည်ဖြစ်ပြီး၊ ဆေးဝါးထုတ်ကုန်များနှင့် အချို့သော ဆေး ဘက်ဆိုင်ရာပစ္စည်းများ၏ အကောက်ခွန်စည်းကြပ်မှုများကို (၅) နှစ်နှင့် (၇) နှစ်အတွင်း ဖယ်ရှားပေးမည်ဖြစ်သည်။

၂၀၂၀ ပြည့်နှစ်တွင် အိန္ဒိယနိုင်ငံသည် သြစတြေးလျနိုင်ငံ၏ သတ္တမအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ခဲ့ပြီး၊ အပြန်အလှန် ကုန် သွယ်မှုတန်ဖိုး ဩစတြေးလျဒေါ်လာ ၂၄.၃ ဘီလီယံသို့ ရောက်ရှိခဲ့သည်။ ထို့အပြင် အိန္ဒိယနိုင်ငံဈေးကွက်သည် သြစတြေးလျနိုင်ငံ ၏ ဆဋ္ဌမမြောက် အကြီးဆုံးကုန်စည်နှင့် ဝန်ဆောင်မှုပို့ကုန်ဈေးကွက်ဖြစ်ပြီး၊ တန်ဖိုးအားဖြင့်မှာ ဒေါ်လာ ၁၆.၉ ဘီလီယံခန့်ဖြစ် သည်။ ဩစတြေးလျအစိုးရသည် အိန္ဒိယနိုင်ငံအား ၂၀၃၅ ခုနှစ်တွင် ထိပ်တန်းပို့ကုန်ဈေးကွက် (၃) ခုအတွင်း ရောက်ရှိစေရန်နှင့် အိန္ဒိယအား သြစတြေးလျ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် အာရှတွင် တတိယအကြီးဆုံးနေရာဖြစ်လာရန် ရည်မှန်းထားသည်။

သြစတြေးလျနှင့် အိန္ဒိယတို့သည် သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် စိုက်ပျိုးရေးကုန်သွယ်မှုမြှင့်တင်ရန်အတွက် ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြပြီး၊ ယခုအခါ စိုက်ပျိုးရေးဆိုင်ရာနားလည်မှုစာလွှာ (MoU) ကို အပြီးသတ်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ယခု နှစ်နိုင်ငံလက်မှတ်ရေးထိုးလိုက်သည့် ဩစတြေးလျ- အိန္ဒိယ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုနှင့် ကုန်သွယ်မှုသဘောတူစာချုပ်မှာ ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ဆိုင်ရာ စေ့စပ်ညှိနှိုင်း မှုများ အပြီးမသတ်မီ ကြားဖြတ်သဘောတူစာချုပ်တစ်ရပ်အဖြစ် လက်မှတ်ရေးထိုးထားခြင်းဖြစ်ပြီး၊ ဘက်စုံသဘောတူစာချုပ် တစ်ခုလုံးအတွက် ဆွေးနွေးညှိနှိုင်းမှုများကို ၂၀၂၂ ခုနှစ်အကုန်တွင် အပြီးသတ်နိုင်ရန် မျှော်မှန်းထားကြောင်း သိရှိရသည်။
 

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Source: www.trademinister.gov.au

Category: International News